သက္ကယ်ပြင်(သံ)ကျေးရွာမှ မီး‌‌ဘေးသင့် အိမ်‌ထောင်စုများအား‌‌ ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများ‌ ထောက်ပံ့ပေးအပ်

အင်္ဂပူ ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာ၊ အ.ထ.က(ခွဲ)ကျောင်း အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်‌ထောင်စုများအား‌‌ ဆန်၊ ဆီ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေး ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်ကျော်မိုးက အား‌ပေးစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနန္ဒာဝင်းက ထောက်ပံ့ပေးအပ်မှု အခြေအနေများအား ရှင်းလင်း‌ ပြောကြားခဲ့သည်။ ထို့နောက် ထောက်ပံ့ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးများကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ မီးဘေးသင့် အိမ်ထောင်စုဝင်များက လက်ခံရယူခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ရုံးဦးစီးမှုရုံးမှ မြို့နယ်ဦးစီးမှူး‌ ဒေါ်နှင်းန္ဒာဝင်းနှင့် ဝန်ထမ်းများ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မီးဘေးသင့် အိမ်ထောင်စုဝင်များ တက်‌ရောက်ခဲ့ကြောင်းနှင့် အင်္ဂပူမြို့နယ် သက္ကယ်ပြင်(သံ)ကျေးရွာ အုပ်စု၊ သက္ကယ်ပြင်(သံ) ကျေးရွာတွင် (၁၃-၂-၂၀၂၄)ရက်နေ့ ဖြစ်ပွားသော မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော လူနေအိမ်သစ်အိမ်(၃)လုံး၊ ဝါးအိမ်(၁၁)လုံး  စုစုပေါင်း(၁၄) လုံး၊ အိမ်ထောင်စု(၁၆)စုမှ လူဦးရေ (၅၇)ဦးတို့အတွက် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဆန်နှင့်ဆီများ၊ ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်းဖိုး (၁၇၀၀၀၀၀)ကျပ်၊ ၇-ရက်စာ ဆန်ရိက္ခာဖိုး (၁၁၉၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံ ငွေကျပ်(၁၈၁၉၇၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၁၆)ပုံးတို့အား ပေးအပ်‌ထောက်ပံ့ ခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)