ဇလွန်မြို့နယ်တွင် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဇလွန် ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ခွေးရူးရောဂါဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော တိရစ္ဆာန်မှ လူသို့ကူးစက်တက်သော ရောဂါမှ ကြိုတင်ကာကွယ်ရန် ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၄)နာရီတွင် တောင်ပို့တရာ ကျေးရွာအုပ်စု သီရိမင်္ဂလာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ခွေးရူးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောပွဲတွင်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်အောင်က ခွေး ၊ ကြောင်များကိုအသိရှိရှိဖြင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းသည် မိမိနှင့် မိသားစုကိုသာမက လူ့အဖွဲ့အစည်း တစ်ခုလုံးကို ခွေးရူးရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ကြောင်း ၊ လူတွင် ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ကာကွယ်ရန် နည်းလမ်းများ ၊ ခွေးရူးရောဂါ မဖြစ်ပွားရန် ခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ပုသိမ်မြို့ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းမှ သုတေသနအရာရှိ ဒေါက်တာ အေးသီတာက ခွေးရူးရောဂါနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ခွေးရူးရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးကာ ပညာပေး လုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ခွေးရူးရောဂါကင်းစင် မြန်မာပြည်တစ်ခွင် ၂၀၃၀ တွင် ဆောင်ပုဒ်ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)