လေးမျက်နှာ ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့များဖြင့် ယမန်နေ့က လေးမျက်နှာမြို့ အောင်မင်္ဂလာဈေးနှင့် အိုင်သပြုဈေးများရှိ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှု၊ မီးသုံးစွဲမှုများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးဘေးလုံခြုံရေး စစ်ဆေးရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးရဲနောင်ဝင်းနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းလှိုင်တို့မှ မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရေး၊ လောင်စာဆီများသိုလှောင်ထားခြင်းမပြုရန်၊ တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုရန်၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက ပြည်သူများကိုယ်တိုင် မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် အသက်အန္တရာယ်မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့် မီးလောင်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်စသည်တို့ကို စစ်ဆေးအကြံပြု လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)