စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ လူမှုဖူလုံရေးအကျိုးခံစားခွင့်ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးအဖွဲ့တို့ပူးပေါင်း၍ လူမှုဖူလုံရေးအကျိုးခံစားခွင့် အသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁၆) ရက်၊ နံနက်ပိုင်းက အဆိုပါရုံးရှိလူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်မိုးက ဌာနဆိုင်ရာဝန်ထမ်းများ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ သိရှိနိုင်စေရန် သက်ဆိုင်ရာဌာနနှင့်ပူးပေါင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ မြို့နယ်လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူမှုဖူလုံရေးအာမခံစနစ် (၆) မျိုးရှိသည့်အနက် (၂) မျိုးမှာ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ (၂) မျိုးမှာ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နဲ့ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်တို့ ဖြစ်ကြောင်း၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်အတွက် အလုပ်သမား/ အလုပ်ရှင်များက ပေးသွင်းရမည့် လစာ၏ရာခိုင်နှုန်းများ၊ ခံစားခွင့်ရရှိမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပေးရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ က မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန် ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် စာအုပ်များအခမဲ့ငှာရမ်းခြင်းနှင့် အခါအားလျော်စွာ အသိပညာပေးTalk Show များ ပြုလုပ်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)