လိပ်သို ဖေဖော်ဝါရီ ၁၆
ကျောင်းသားလူငယ်များ၊ ဒေသနေပြည်သူများ မိမိတို့အတွက် အသိအလိမ္မာတိုးပွားစေနိုင်သော စာအုပ်/စာပေများကို ဘဝ၏ လက်တွဲဖော်မိတ်ဆွေအဖြစ် ရွေးချယ်နိုင်စေရန်၊ စာဖတ်ခြင်းမှ ရရှိသည့် စိတ်ခွန်အား၊ အသိပညာများဖြင့် တန်ဖိုးရှိသော ဘဝ၊ အောင်မြင်သော အနာဂတ်များ ဖန်တီးနိုင်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် အထွေထွေ ဗဟုသုတ သိမှတ်ဖွယ်ရာများ နံရံကပ်စာစောင်အား ပြသခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာပေဖတ်ရှုခြင်းသည် လူသားတစ်ယောက်၏ဘဝကို တိုးတက်စေယုံ သာမက ပျက်စီးခြင်းဘေးမှလည်း ကာကွယ်နိုင်သည့်အတွက် ကျောင်းသားလူငယ်များ စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာပေများ ဖတ်ရှုစေလိုကြောင်း၊ စာအုပ်ကောင်း တစ်အုပ်သည် သူငယ်ချင်း အယောက်တစ်ရာနှင့် ညီမျှကြောင်း၊ မိတ်ဆွေကောင်း တစ်ယောက်သည် စာကြည့်တိုက်တစ်တိုက်ကဲ့သို့ ညီမျှကြောင်းနှင့် စာအုပ်ရွေးချယ်ဖတ်ရှုပုံ နည်းလမ်းများကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် စာဖတ်ခြင်းသည် သစ်ပင်စိုက်ခြင်းနှင့်တူကြောင်း၊ ရေလောင်းခြင်းသည် စဉ်းစားခြင်းနှင့် တူကြောင်း၊ အသုံးချခြင်းသည် အသီးစားခြင်းနှင့်တူကြောင်းစသည့် အသိပညာပေးအကြောင်းအရာများ ပါဝင်သည့် အထွေထွေဗဟုသုတ သိမှတ်ဖွယ်ရာနံရံကပ် စာစောင် ပြသဆောင်ရွက်ထားရှိမှုအား ကျောင်းသား/လူငယ်များက လေ့လာဖတ်ရှုမှတ်သား ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)