ရေဖြူ ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သည် သဘာဝရာသီဥတု၊ ရေခံမြေခံကောင်းသဖြင့် ဝါးအများဆုံးပေါက်ရောက်ပြီး ဒေသထွက်ဝါးဖြင့် ဖက်တံစိပ်ကာ ရောင်းချကြသူများ ယခင်နှစ်ကထက် ဖက်တံဈေးပိုရကြောင်း သိရသည်။
ဆန်းချီ၊ ဒူးတောင်း၊ နှမ်းကျဲ စသည့်ကျေးရွာများတွင် ဝါးမျိုးစုံ ပေါက်ရောက်ပြီး ဖက်တံအများ ဆုံးထွက်သည်။ ယခင်နှစ်က ဓနိဖက်တံတစ်ချောင်းကို ငါးကျပ်သာရရှိပြီး ဒီနှစ်မှာ ခုနှစ်ကျပ်ဈေးရှိကြောင်း ဖက်တံစိပ်လုပ်ကိုင်နေသူ ဒေါ်သန်းလှကပြောသည်။
ဝါးရုံမှ ဝါးကိုခုတ်ပြီး ၅ တောင် အလျားရှိဝါးတောင့်များကို လွှဖြင့်ဖြတ်ကာ စိပ်ယူကြောင်းသိရသည်။ အမျိုးသားတစ်ဦးလျှင် တစ်နေ့ ၃၅၀၀ ချောင်းအထိ စိပ်နိုင်ပြီး အမျိုးသမီးဆိုလျှင် တစ်နေ့ ၃၀၀၀ ချောင်းလောက်အထိ စိပ်နိုင်ကြကြောင်း၊ တစ်ဦးလျှင်ကျပ်နှစ်ေသာင်းနီးပါး ဝင်ငွေရရှိကြောင်းသိရသည်။
မိသားစုတွင် အမျိုးသားက ဝါးခုတ်ပေးပြီး ကျန်မိသားစုဝင်များ စိပ်နိုင်ပါက အလုပ်အကိုင်များ ရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်းသိရှိရသည်။ ဝါးကို ဝယ်စရာမလိုဘဲ ဥယျာဉ်ခြံမြေများတွင် မီးရှို့ပစ်မည့်အစား ဝါးရုံများထားကာ ဖက်တံ လုပ်ငန်းလုပ်ကိုင်ကြသည်။
အဆိုပါ ဖက်တံကိုထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့က အဓိကဝယ်ယူကြပြီး ရွာအရောက် ဓနိဖက်လုပ်ငန်းရှင်များက လာရောက်ဝယ်ယူကြကြောင်း သိရသည်။
ခတ္တာ (ရေဖြူ)