တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပထော်ရေလှောင်တမံတွင် ဆိုလာစွမ်းအင် (၃.၇၇)မီဂါဝပ် ထုတ်ပေးနိုင်သည့် ရေပေါ်ဆိုလာစနစ်လုပ်ငန်းစီမံကိန်းနှင့် မကြာမီ တည်ဆောက်မည့် ဆီအုန်းဆီချောစက်ရုံ မြေနေရာအား ကြည့်ရှု

မြိတ်   ဖေဖော်ဝါရီ   ၁၆

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့နယ် ပထော်ကျေးရွာရှိ ပထော်ရေလှောင်တမံ၌ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်နှင့် မြန်မာဆိုလာ ပါဝါထရေးဒင်းကုမ္ပဏီလီမိတက်တို့ တပ်ဆင်ဆောင်ရွက်လျက်ရှိသည့် ဆိုလာစွမ်းအင် (၃.၇၇)မီဂါဝပ် ထုတ်ပေးနိုင်သည့် ရေပေါ်ဆိုလာစနစ် လုပ်ငန်းစီမံကိန်းအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ ရေပေါ်ဆိုလာစနစ် လုပ်ငန်းစီမံကိန်းသည် ပထော်ရေလှောင်တမံအတွင်း ရေပြင်အကျယ်အဝန်း (၇)ဧကတွင် ဆိုလာအချပ်ရေ စုစုပေါင်း(၆၃၈၄)ချပ် တပ်ဆင်ဆောင်ရွက်ထားရှိပြီး ဆိုလာစွမ်းအင် (၃.၇၇)မီဂါဝပ် ထုတ်ပေးနိုင်မည်ဖြစ်ကာ အင်ဗာတာ(၂၅၅) ကီလိုဝပ်(၁၂)လုံးဖြင့် ဆိုလာစွမ်းအင်များကို ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ အအေးခန်းစက်ရုံနှင့် စက်ရုံအလုပ်ရုံများ၊ မကြာမီတည်ဆောက်မည့် ဆီအုန်းဆီချောစက်ရုံနှင့် ပထော်/ပထက် ကျွန်းပေါ်ရှိ ဒေသခံပြည်သူများပါ ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။

ရေပေါ်ဆိုလာစနစ် လုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည့်ဖြိုးထွန်း  ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးလှသန်းက ရေပေါ်ဆိုလာစနစ်လုပ်ငန်းစီမံကိန်း ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံ ဦးဇော်မင်းဦးက ရေပေါ်ဆိုလာစနစ် တပ်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဆောင်ရွက်သွားမည့် အစီအစဉ်မျာကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က အားပေးစကား ပြောကြားပြီး  ရေလှောင်တမံအတွင်း ရေပေါ်ဆိုလာစနစ်လုပ်ငန်း တပ်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပထက်ကျေးရွာတွင် ပြည့်ဖြိုးထွန်းကုမ္ပဏီမှ မကြာမီတည်ဆောက်မည့် တန်(၆၀)ကျ ဆီအုန်းဆီချောစက်ရုံ မြေနေရာအား သွားရောက်ကြည့်ရှုခဲ့ကြသည်။ ပြည့်ဖြိုးထွန်းကုမ္ပဏီသည် တနင်္သာရီမြို့နယ် မောတောင်မြို့တွင် ဧက(၁၅၀၀၀) ဆီအုန်းစိုက်ပျိုးထားရှိပြီး ဧက(၈၀၀၀)ခန့် ဆီအုန်းအသီးခူးရရှိနေပြီဖြစ်ကာ ဆီချောစက်ရုံမရှိသေးသဖြင့် ဆီကြမ်းထုတ်လုပ်ပြီး မြိတ်မြို့ဆိပ်ခံတံတားမှ ရန်ကုန်သို့ ပို့ဆောင်မည့် ဆီကြမ်းတန်(၈၀၀)ကို ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)