မင်းဘူးခရိုင်အတွင်း၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းအဖြစ် လူနေအိမ်အလုံးပေါင်း (၂၀၀)ကို ပြုပြင်ဆောင်ရွက်ပေး

မင်းဘူး ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးက မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဉ်ဖြစ်ပွားလျက်ရှိသည့် လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ လေပြင်းဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်စေရန်၊ လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် လူနေအိမ်အလုံးပေါင်း (၂၀၀)ကို ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

အိုးအိမ်ဖြည့်တင်းပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းနှင့် ဝန်ထမ်းများဦးဆောင်၍ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ နေ့ရက်နေ့များတွင် မင်းဘူး(စကု)မြို့နယ် ဖလံရုံကျေးရွာနှင့် သီးကုန်းကျေးရွာတို့တွင် သွားရောက်ကွင်းဆင်း၍ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့ပြုပြင်ဆောင်ရွက်ပေးနိုင်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် မင်းဘူးခရိုင်အတွင်း၌ လေးပြင်းအဖြစ်ပွားဆုံး မြို့နယ်များကို ရွေးချယ်ပြီး မြေပြင်စာရင်းကွင်းဆင်းကောက်ယူ၍ မင်းဘူး(စကု)မြို့နယ်၊ ဖလံရုံကျေးရွာ၌ အိမ်ခြေ (၅၀)၊ သီးကုန်းကျေးရွာ၌ အိမ်ခြေ (၅၀)နှင့် စလင်းမြို့နယ်၊ စနေချောင်ကျေးရွာ၌ အိမ်ခြေ (၅၀)၊ ကျောက်ရဲတုံးကျေးရွား၌ အိမ်ခြေ (၅၀) စုစုပေါင်း အိမ်ခြေ ၂၀၀ ကို စိစစ်ရွေးချယ်၍ လူနေအိမ်တစ်လုံးလျှင် ငွေကျပ် (၄၅၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း (၉၀)တိတိကို ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အိမ်ဆောက်ပစ္စည်များဝယ်ယူ၍ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းထံက သိရသည်။

မောင်မောင်(မင်းဘူး)