ဘိုကလေး ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္ဇနိကာယမဟာသီဝံကျောင်းတိုက်တွင် (၃၁) ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် ဖျာပုံမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်အတွင်းမှ ရဟန်းတော်များ၊ ရှင်သာမဏေများအား ယမန်နေ့ ညနေ(၃)နာရီ အချိန်၌ ဘိုကလေး-စက်ဆန်း လမ်းဆုံ၊ အမှတ်(၁၈)လမ်း၌ စုရပ်ထား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ဌာနဆိုင်ရာများ၊ စာမေးပွဲကျင်းပရေး ကော်မတီဝင်များ ကြိုဆို၍ မြို့နယ်တွင်း လှည့်လည်ခဲ့ကြသည်။
အဆိုပါ နိကာယ်ငါးရပ်စာမေးပွဲအား ဘိုကလေးမြို့နယ်၊ နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှကြီးမှူး ကျင်းပခြင်းဖြစ်ပြီး စာမေးပွဲအား ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်များမှ မဟာဝါတန်း(၃)ပါး၊ ပါရဇိကတန်း (၁)ပါး၊ စူဠပဗ္ဗ ပထမအဆင့်(၁၁၇)ပါး၊ စူဠပဗ္ဗ ဒုတိယအဆင့်(၂၇)ပါး၊ (၁၄၈)ပါး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်းနှင့် စာမေးပွဲအား ဖေဖော်ဝါရီ (၁၆) မှ (၁၈)ရက်နေ့အထိ (၃)ရက်တာ ကျင်းပမည်ဖြစ်ပြီး စာအောင်သဘင်အား ဖေဖော်ဝါရီ (၂၀)ရက်နေ့တွင် ချီးမြှင့် အပ်နှင်းသွားမည်ဖြစ်ကြောင်း စာမေးပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
ဘိုကလေး(ပြန်/ဆက်)