စလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေပြီး တပ်ဖွဲ့ဝင်များ စွမ်းရည်ပိုမိုမြင့်မားရေး လေ့ကျင့်ပေးလျက်ရှိ

စလင်း ဖေဖော်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ပိုမိုမြင့်မားရေး  နေ့စဥ်လေ့ကျင့်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေ့စဥ်ဆောင်ရွက်လျက်ရှိရာ ရပ်ကွက်များအတွင်းလိုက်လံစစ်ဆေးခြင်း အသိပညာပေးခြင်း မြို့နယ်မီးသတ်ဦးစီးဌာန၏ ဖုန်းနံပါတ်များနှင့် ပြည်သူများအလွယ်တကူမြင်နိုင်သည့် နေရာများတွင် ကြေငြာကပ်ထားရှိခြင်း  မီးသတ်ဦးစီးဌာန၏ မီးသတိပြုရန်အသံချဲ့စက်ဖြင့် ရပ်ကွက်များနှင့်ကျေးရွာများအား လှည့်လည်နှိုးဆော်ခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးသတ်တပ်ဖွဲ့ဝင်များ  ကိုယ်ကာယကြံ့ခိုင်မှုကောင်းမွန်စေရန်နှင့် မီးသတ်စွမ်းရည်များတိုးတက်မြင့်မားရေး သဘာဝဘေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းရည်ပြည့်ဝပြီး ခေတ်မီကိရိယာများဖြင့် လက်တွေ့ဆောင်ရွက်လုပ်ကိုင်ရာတွင် ကျွမ်းကျင်မှုရှိစေပြီး မီးသတ်သမားကောင်းတစ်ယောက်ဖြစ်စေရန် နေ့စဥ်လေ့ကျင့်ပေးလျက်ရှိသည်။

စလင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၁၀)ရှိရာ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းအပါအဝင် ဆင်ဖြူကျွန်းစခန်းနှင့် မီးသတ်စခန်း(၅)ခုရှိရာ စခန်းအသီးသီးတို့တွင် နေ့စဥ်မီးသတ်တပ်ဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်စေရန် လေ့ကျင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းကို  မြို့နယ်မီးသတ်ဦးစီးမှူး  ဦးဝင်းဗိုလ်ထံမှ သိရှိရသည်။

မောင်လွင်(စလင်း)