ရွှေတောင်မြို့နယ်၊ အ.ထ.က ညောင်စာရေးကျောင်း၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

ရွှေတောင် ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က ညောင်စာရေးကျောင်း၌ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် လူငယ်များ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဗဟုသုတတိုးပွားလာစေရန်နှင့် ဆောင်ရန်ရှောင်ရန်များကို သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က ညောင်စာရေးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန့်ဇင်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဇာဝင်းထွန်းနှင့် ဦးစီးမှူး ဦးထက်နိုင်တို့က မီးဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး၊ ရေဘေးတို့အတွက် ဆောင်ရန်၊ ရှောင်ရန်များကို ကျောင်းသားကျောင်းသူ (၂၀၀) ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ဇာတ်တိုက်သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး အဆိုပါကျောင်းအတွက် သဘာဝဘေးအသိပညာပေး ဗီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)