ကျောက်တံခါး ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ အုန်းနှဲရိုးကျေးရွာတွင် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း၊ ကြယ်ပန်းများစိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျွန်တော်တို့က ဂန္ဓာမာပန်းစိုက်ပျိုးရန်အတွက် ပြင်ဦးလွင်မြို့ကနေ ပျိုးပင်များကို ဝယ်ယူစိုက်ပျိုးရတာဖြစ်ပြီး တစ်ပင်လျှင် ၁၄ ကျပ်မှ ၁၇ ကျပ်ထိ အစားစားပေးဝယ်ရပါတယ်၊ တစ်ပင်နှင့်တစ်ပင် ၃ လက်မကွာခြား၍ စိုက်ပျိုးရပါတယ်၊ ပန်းပင်များသန်မာပြီးအပွင့်ကြီးထွားမှုကောင်းစေရန်အတွက် သဘာဝမြေဇာဖြစ်သည့် နွားချေးများကို မြေခံအဖြစ်အသုံးပြု၍ အတန်းလိုက်စိုက်ပျိုးရပါတယ်၊ ပျိုးပင်များစိုက်ပျိုးပြီးရင် ရေကိုတော့ နေ့တိုင်းလောင်းပေးရပါတယ်၊ ဂန္ဓာမာပန်း စိုက်ပျိုးထားတာကတော့ ပျိုးပင်(၅၀၀၀၀)ကျော် စိုက်ပျိုးထားပါတယ်၊ ပန်းရောင်းတာကတော့ (၁၀)ကိုင်းစီး တစ်စီးကို(၂၀၀၀)ကျပ်ရောင်းရပါတယ်၊ ဂန္ဓာမာပန်းကြိုက်သူများကတော့ ပန်းခင်းထဲအထိလာရောက်ဝယ် ယူတယ်၊ ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့ ဈေးတွေမှာလည်း လက်လီ၊ လက်ကား သွားရောက်ရောင်းချပါတယ်၊ ပန်းများလှိုင်လှိုင် ပွင့်သည့်ရက်များဆိုလျှင် တစ်နေ့ရောင်းရငွေ(၄၀၀၀၀)ကျပ်ကနေ (၅၀၀၀၀)ကျပ်ထိရသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်ဟု အုန်းနှဲရိုးကျေးရွာ ဂန္ဓာမာပန်း စိုက်ပျိုးရောင်းချသူ ဦးဇာနည်က ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)