ပန်းတနော်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တစ်အိမ်တက်/ဆင်း လိုက်လံ အသိပညာပေး စစ်ဆေး

ပန်းတနော် ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပွင့်လင်းရာသီ ရောက်ရှိလာသဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တစ်အိမ် တက်/ဆင်း လိုက်လံ အသိပညာပေးစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက အလယ်ပိုင်း ရပ်ကွက် ဒေါနခြံတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးဆောင်၍ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အလယ်ပိုင်းရပ်ကွက် ဒေါနခြံအတွင်း မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေး၊ မီးဖိုများအား မြေတွင်ချပြီး ချက်ပြုတ်စေရေး စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံအသိပညာပေး စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ ကျေးရွာများတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်/ဆင်း ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)