လိပ်သိုမြို့၌ ကလေးငယ်များ ကာယ၊ ဉာဏ ဖွံ့ဖြိုးရေး စွမ်းရည်ပြိုင်ပွဲများပြုလုပ်

လိပ်သို  ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ကလေးငယ်များ ကာယ၊ ဉာဏ စွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ စကောရွက်ပြိုင်ပွဲ၊ အိတ်စွတ်၊ ဝက်မောင်း၊ ဖားခုန်နှင့် ခြေတပေါင်ကျိုးပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ကလေးကစားကွင်း၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာကာ ကျန်းမာသန်စွမ်းလာမည်ဖြစ်ကြောင်း၊ ကာယစွမ်းရည် များ ပြည့်စုံစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုသော စိတ်များဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲများဆက်လက်ပြုလုပ်ရာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၂) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား  မြို့ဦးစီးမှူးက ပုံဆွဲဗလာစာအုပ်များကို အမှတ်တရ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် အဟာရမုန့်များ ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)