မြိတ် ဖေဖော်ဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြိတ်မြို့နယ်၊ စန္ဒဝတ် ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ တောင်သူ ဦးချမ်းအေးလယ်တွင် ကျင်းပသည့် စပါးသီးနှံ၌ ကျရောက်သော ဖျက်ပိုးအန္တရာယ် ကာကွယ်နှိမ်နင်းရေး ကွင်းသရုပ်ပြပွဲ၊ နွေစပါးနှင့် ဆောင်းသီးနှံစိုက် အကျိုးဆောင်တောင်သူများအတွက် မြန်မာ့ရေနံနှင့် ဓါတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
ကွင်းသရုပ်ပြပွဲနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး၏ ဒေသဝမ်းစာဖူလုံမှုအနေဖြင့် (၇၃)ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် ခရိုင်/မြို့နယ်များအလိုက် ဒေသဝမ်းစာဖူလုံမှုရာနှုန်း တိုးတက်ရရှိမှသာလျှင် တိုင်းဒေသကြီး တစ်ခုလုံး၏ ဒေသဝမ်းစာ ဖူလုံမှုတိုးတက်လာမည်ဖြစ်သည့်အတွက် မိမိတို့ဒေသ၏သီးနှံများ (၁)ဧကအထွက်နှုန်းတိုးတက်ရန် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသဝမ်းစာဖူလုံရေး ဆောင်ရွက်သည့်နေရာတွင် မြေဧရိယာချဲ့ထွင်ရန် အကန့်အသတ်ရှိသောကြောင့် သီးနှံ(၁)ဧက အထွက်နှုန်းတိုးတက်ရေးကို အလေးထားဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး သည် အခြားသောပြည်နယ်နှင့်တိုင်းများကဲ့သို့ စိုက်ပျိုးသည့်ဧရိယာများမှာ ဆည်ရေသောက် ဧရိယာမရှိဘဲ မိုးရေကိုသာအားပြုရသည့် ရေတော်မိုးတော်ဧရိယာများဖြစ်သည့်အတွက် မိုးစပါးစိုက်ပြီး သီးထပ်အနေဖြင့် နွေစပါးနှင့်ဆောင်းသီးနှံများကို အချိန်မီ စိုက်ပျိုးရတာဖြစ်ကြောင်း၊ ဒါကြောင့်မို့ ဒီနှစ်မှာ နွေစပါး ဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ရေငန်တားတမန်များပြုပြင်ခြင်း၊ ချောင်းပိတ်ရေထိန်းတံခါးများ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း များကို ဆောင်ရွက်ပေးခဲ့ရာ မြိတ်မြို့နယ်၌ ယခင်နှစ် နွေစပါး(၁၅၈)ဧက စိုက်ပျိုးခဲ့ရာမှ ယခုနှစ် တွင်နွေစပါး(၂၉၇)ဧကခန့်နှင့် မတ်ပဲ(၂၀)ဧကခန့်အထိ ပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်ပြီဖြစ်ကြောင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်မှုကိုလည်းအားပေး၊ ပဲဈေးကွက်ကလည်း ကောင်းနေသည့် အခြေအနေ တွင် ပဲစိုက်ပျိုးမှုကို ဧကထောင်ချီ စိုက်ပျိုးစေလိုကြောင်း၊ ယခုနှစ်စိုက်ပျိုးသည့် အတွေ့အကြုံများအရ မိုးစပါးအပြီး စိုက်ချိန်စောနိုင်သမျှ စောစောရနိုင်အောင် ပဲစိုက်ပျိုးနိုင်ပါက ပဲပင်များ ကောင်းစွာဖြစ်ထွန်းနိုင်မှုကို သိရှိနားလည်ခဲ့ပြီးဖြစ်၍ လာမည့်နှစ်တွင် ဧကများစွာ ပိုမိုတိုးချဲ့ စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က ကွင်းသရုပ်ပြပွဲ၊ ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးကျော်သူက နွေစပါးရေရရှိရေးဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နွေစပါးနှင့် ဆောင်းသီးနှံစိုက် အကျိုးဆောင်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြရာ တောင်သူများကိုယ်စား အကျိုးဆောင်တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ စပါးသီးနှံတွင် ကျရောက်သော ဖျက်ပိုးအန္တရာယ် ကာကွယ်နှိမ်နင်းရေး ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးတွင် လာမည့်မိုးရာသီ၌ အထွက်နှုန်းကောင်းသည့် GW-11 မျိုးစပါးကို ဧက(၅၀၀၀)ခန့် ဖြန့်ဖြူးဆောင်ရွက်ပေးနိုင်ရန်စီစဉ်ထားပြီးဖြစ်ကြောင်း၊ ဒါ့အပြင်ထပ်မံ၍ မျိုးစေ့ထုတ်လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ရန်အတွက်လည်း မျိုးစေ့သန့်စင်စက်များကို ထားဝယ်ခရိုင်တွင် (၁)လုံး၊ မြိတ်ခရိုင်တွင်(၁)လုံး မှာယူထားပြီး မကြာခင်ကာလအတွင်း တပ်ဆင်အသုံးချဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ထို့အတူ ယခုလာမည့် မိုးရာသီတွင် တိုင်းအတွင်း၌ ကော်ဖီ(၂၆၇၄)ဧကနှင့် ကိုကိုး(၂၅၀)ဧကကို တိုးချဲ့ စိုက်ပျိုးနိုင်ရန်အတွက် ခရိုင်/မြို့နယ်များ၌ စုစုပေါင်းကော်ဖီ (၁၁၄၈၀၀၀) ပင်နှင့် ကိုကိုး အပင်(၁) သိန်းကို စနစ်တကျ ပျိုးထောင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး လာမည့်မိုးရာသီတွင် ကွမ်းသီးခြံနှင့် ရာဘာခြံများတွင် သီးညှပ်စိုက်ပျိုးနိုင်ရန်အတွက် ခြံရှင်များအား ကော်ဖီပျိုးပင်နှင့် ကိုကိုးပျိုးပင်များကို အခမဲ့ထောက်ပံ့ ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမုတ်ကျေးရွာရှိ စိုက်ပျိုးရေး မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြရာ စိုက်ပျိုး/မွေးမြူရေး ကျောင်းသား/သူများ စာမေးပွဲ ဖြေဆိုနေမှု၊ ကျောင်းသား/သူများ စိုက်ပျိုးထားသည့် စိုက်ခင်းနှင့် မွေးမြူရေးခြံတွင် ဝက်နှင့်ဆိတ် မွေးမြူဆောင်ရွက်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် ကျောင်းသား အိပ်ဆောင် တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန် စံညွန်းများအတိုင်း ပြည့်မီအောင် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းကြရန် လမ်းညွှန်မှာကြားသည်။ ထို့နောက် ကျောင်းအုပ် ဆရာမကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၏ လိုအပ်ချက်များကိုတင်ပြရာ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)