နတ်တလင်းမြို့၌ လုံခြုံရေးကိစ္စရပ်များနှင့်ပက်သက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲပြုလုပ်

နတ်တလင်း ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ လုံခြုံရေးကိစ္စရပ်များနှင့်ပက်သက်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဦးစွာဆွေးနွေးပြောကြားရာ လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ လုံခြုံရေးကိစ္စသည် ရဲတပ်ဖွဲ့တွင် တာဝန်ရှိတာမဟုတ်ကြောင်း၊ တခြားမြို့နယ်အချို့တွင် ရွှေဆိုင်၊ ကုန်စုံဆိုင်၊ ဖုန်းဆိုင်၊ စတိုးဆိုင်တို့တွင် အကြမ်းဖက်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ယူဆောင်တာမျိုးတွေကြားမိကြောင်း၊ မိမိတို့မြို့နယ်မှာတော့မရှိကြောင်း၊ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လုပ်ငန်းရှင်များက မိမိတို့ဆိုင်များတွင် CCTV များအား လမ်းဘက်လှည့်၍တပ်ဆင်စေလိုကြောင်း လုံခြုံရေးအတွက်လဲ အထောက်အကူပြုမှာဖြစ်ကြောင်း၊ CCTV တပ်ဆင်ခြင်းဖြင့် လုံခြုံရေးကိစ္စများ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ လူစိမ်းများတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်ရလွယ်ကူစေရေးဖုန်းနံပါတ်များ ယူထားစေလိုကြောင်း၊ လုပ်ငန်းရှင်များ၏ အကျိုးစီးပွားနှင့်လူပုဂ္ဂိုလ်လုံခြုံရေးအတွက် ဆောင်ရွက်တာဖြစ်ကြောင်းဆွေးနွေးပြောကြားပြီး ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်မောင်နိုင်က မိမိတို့မြို့နယ်အတွင်း CCTV အလုံး(၆၀) တပ်ဆင်ပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆိုင်များတွင် CCTV တပ်ဆင်ပေးခြင်းဖြင့် လုံခြုံရေးကိစ္စအား ကူညီဆောင်ရွက်ပေးရာရောက်ကြောင်းတို့ ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းအောင်၊ စီမံအဖွဲ့ဝင်များ၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်မောင်နိုင်၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်များ စုစုပေါင်းအင်အား(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)