ပွင့်ဖြူ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရောင်းချရန် ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင်များကို တင်ဒါ/ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပေးရာတွင် ရှေးဦးစွာ မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ရောင်းချရန်ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များမှ သားသတ်လုပ်ငန်းလိုင်စင်(၂၂)ခု၊ အခြားအခွန်ကောက်လုပ်ငန်းလိုင်စင် (၂) ခုတို့နှင့်စပ်လျဉ်း၍ ဝယ်ယူလုပ်ကိုင်မည့်လုပ်ငန်းရှင်များ သိရှိလိုက်နာရမည့်စည်းကမ်းချက်များနှင့် လုပ်ငန်းအကျိုးခံစားခွင့်များအကြောင်းကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက ရောင်းချရန်ရှိသော အရပ်ရပ်အခွင့်အရေးလိုင်စင်များဖြစ်သည့် သားသတ်လုပ်ငန်းလိုင်စင် ၂၂ ခုအား ဈေးပြိုင်စနစ်ဖြင့်လည်းကောင်း၊ အခွန်ကောက်လုပ်ငန်းလိုင်စင် (၂) ခုအား ဒုတိယအကြိမ် အခြားနည်းစနစ်ဖြင့် လည်းကောင်း ပွင့်လင်းမြင်သာစွာ လေလံဖွင့်လှစ်ရောင်းချပေးရာ တက်ရောက်လာသည့်လုပ်ငန်းရှင်များက သတ်မှတ်လေလံ စည်းကမ်းချက်များနှင့် အညီ မိမိတို့ ဆောင်ရွက်လုပ်ကိုင်လိုသည့် လုပ်ငန်းလိုင်စင်များကို အသီးသီးဝယ်ယူခဲ့ကြကြောင်း သိရသည်။
အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင်များကို ရောင်းချပေးရာတွင် သားသတ်လုပ်ငန်းလိုင်စင် (၂၂)ခုအား ဈေးပြိုင်စနစ်ဖြင့် သတ်မှတ်ကြမ်းခင်းဈေး ပြည့်မီစွာ ရောင်းချပေးနိုင်ခဲ့ပြီး အခွန်ကောက်လုပ်ငန်းလိုင်စင်(ခု)ခုမှာ အခြားနည်းဖြင့် ရောင်းချပေးခဲ့ကာ တိုင်းဒေသကြီးလေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့၏ အတည်ပြုချက် မရရှိပါက တတိယအကြိမ် အခြားနည်းစနစ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )