လက်ပံတန်း ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ကျက်သရေဆောင် လောကဥသျှောင် မြဘုန်းရောင်စေတီတော်မြတ်ကြီး၏ (၁၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ စွယ်တော်တိုက်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ထို့နောက် ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုကန်တော့၍ မဟာဇေယျကျောင်းတိုက် ဦးစီးနာယကဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးနှင့် ပရဝုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဓဘိသေကအနေကဇာတင်မင်္ဂလာ အခမ်းအနားပြုလုပ်ပြီး မဟာပဌာန်းပူဇော်၍ ပွဲတော်ကို ဖွင့်လှစ်ခဲ့သည်။
လောကဥသျှောင်မြဘုန်းရောင်စေတီတော်မြတ်ကြီး၏ (၁၂၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ နှစ်ကျိပ်ရှစ်ဆူဘုရားများအား သတ်မှတ်ရက်အလိုက် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လှည့်လည်ပူဆော်ခြင်း၊ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၅ ရက်နေ့ထိ တောင်ပြုန်းပွဲကျင်းပခြင်း၊ ထမနဲထိုးပွဲကျင်းပခြင်း၊ "မိဘမေတ္တာ" မြန်မာသံစဉ်တေးဂီတဖျော်ဖြေပွဲနှင့်ဧည့်ခံခြင်းများဖြင့် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)