ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း နွေစပါးသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်နဝင်းရေလှောင်တမံမှဆည်ရေများကို ဇန်နဝါရီလ ၁၀ ရက်နေ့ကစတင်ပေးဝေခဲ့ရာ တောင်သူများမှနွေစပါးသီးနှံကိုစတင်စိုက်ပျိုးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် (၁၁၃၄၄)ဧကလျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နွေစပါးသီးနှံစိုက်ပျိုးရာတွင် တစ်ဧကလျှင် ကျပ် ၄ သိန်းမှ ၅ သိန်းအထိကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၄ လအကြာတွင်ရိတ်သိမ်းရကြောင်း၊ အထွက်နှုန်းအနေဖြင့် ပျှမ်းမျှတစ်ဧကလျှင်တင်း ၈၀ မှ ၁၂၀ တင်းအထိထွက်ရှိကြောင်းနှင့် ပြီးခဲ့သည့်နှစ်က နွေစပါး ဈေးကောင်းမွန်ပြီး တောင်သူတွေအကျိုးအမြတ်ရရှိခဲ့ကြောင်း နွေစပါးစိုက်ပျိုးလုပ်ကိုင်သူဦးအောင်ချိုကပြောသည်။ ပေါက်ခေါင်းမြို့နယ်ရှိ နွေစပါးစိုက်တောင်သူများအနေဖြင့် GW-11 ၊ ရတနာတိုး၊ ဗီယက်နန်ရက် ၉၀ စပါးမျိုးများကိုအဓိကထားစိုက်ပျိုးလျက်ရှိသည်။ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများကြီးကြပ်၍ နွေစပါးစိုက်တောင်သူများအား နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သက်တမ်းတိုးအထွက်ကောင်းမျိုးများပြောင်းလဲစိုက်ပျိုးရေး၊ ကြဲပက်စိုက်ပျိုးခြင်းအစား(Drum Seeder)စနစ်၊ ပျိုးထောင်စိုက်ပျိုးနည်းစနစ်နှင့် လက်ဆွဲကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးကြရန်တို့ကို တောင်သူပညာပေးပြောကြားခဲ့ကြောင်း သိရသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့အထိ Drum Seeder စနစ်ဖြင့် နွေစပါး(၁၀၃)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ပြီး ပျိုးထောင်စိုက်ပျိုးမည့်တောင်သူများမှာလည်း နောက်တစ်ပတ်ခန့်အကြာတွင် စတင်စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)