ကသာ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် စာဖတ်စွမ်းရည် မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ(၁၄)ရက်နေ့ မွန်းလွဲ(၃) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကသာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများက ဇာတ်ညွှန်းအကယ်ဒမီ ဦးကိုကိုလေး ရေးသားထားသော “ဆည်းဆာရသစာတမ်းများ” စာအုပ်မှ “တင်ပေဖူးသည့်ကျေးဇူး”ဆောင်းပါးပါ အကြောင်းအရာများမှ ကျေးဇူးတရားဆိုသည်မှာ လောကတံတွာ ဤလူ့ရွာတွင် တင်ပေဖူးသည့် ကျေးဇူးရှိလျက် အဆပ်ခက်ဆိုသည့် စကားအတိုင်း အရပ်ထဲတွင် နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရကြောင်း၊ ကူညီခြင်း၏ အခြေခံစိတ်ဓာတ်မှာ မေတ္တာဖြစ်ကြောင်း၊ လောကကိုထိန်းသိမ်းစောင့်ရှောက်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုတရား လေးပါးတွင် မေတ္တာသည် ထိပ်ဆုံးမှလာသော တရားဖြစ်ကြောင်း၊ ဖခင်ကြီးနှင့် သက်တူရွယ်တူရှိသည့် အဘိုးအိုတစ်ဦး ကားတိုက်မိကာ အဖေသာဆိုရင် ဘယ်လိုနေမလဲဟု ရုတ်တရက်တွေးလိုက်မိပြီး ဥပေက္ခာပြုကာ ထားခဲ့ရမည်လား၊ မေတ္တာရှေးရှုကာ ကူညီရမည်လားဟု စိတ်နှစ်ခွ ဖြစ်ကာဒွန်တွဲရင်း လွန်ဆွဲနေရကြောင်း၊ မပြုဖူးသေးသော ကုသိုလ်များကို ပြုဖြစ်အောင် လုံ့လစိုက်ပြီး ပြုခဲ့မိဖူးသော အကုသိုလ်ကို ထပ်မပွားများပါစေရန်နှင့် မပြုရသေးသော အကုသိုလ်ကို မပြုမိအောင် လုံ့လပြုပါဟု ဆိုလိုကြောင်း၊ ကူညီရန်အဆင်သင့် ရှိနေရုံမျှနှင့်မရ ကူညီစရာ တွေ့သည်အခါ ကူညီလိုက်မည်ဟု ဆိုရုံနှင့် မလုံလောက်ကြောင်း၊ ရှင်တော်မြတ်ဘုရားသည်ပင်လျှင် မိခင်၏ နို့တစ်လုံးဖိုးသာ ကျေသည်ဟူသော ဆိုရိုးစကား ရှိခဲ့ကြောင်း စသည့်စာအုပ်ပါ အကြောင်းအရာများကို အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ဝန်ထမ်းများ၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့သည်။ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စာဖတ်ဝိုင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရဲလင်းထွန်း(ပြန်/ဆက်)