အထက်မင်းလှ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲက ရေခါးကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့မှ လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့၏ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊နယ်မြေလုံခြုံရေးပူးပေါင်းဆောင်ရွက်ရန် ပညာရေး၊ ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး ၊ဒေသဖွံ့ဖြိုးရေးများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှဒုရဲအုပ်ဇာနည်အောင်က ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေအေးချမ်းသာယာရေး၊တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများနှင့် ရပ်ရွာလုံခြုံရေးကိုအားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊မီးသတ်ဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့်ဒေသခံပြည်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)