ပေါင်းတည်၌ ပဲတီစိမ်းစိုက်တောင်သူများစျေးကောင်းရရန် မျှော်လင့်

ပေါင်းတည် ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပဲတီစိမ်းကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် စျေးကောင်းရရှိရန်လည်း မျှော်လင့်စောင့်စားနေကြကြောင်း သိရသည်။

 မြို့နယ်အတွင်း၌ ဆောင်းသီနှံပဲတီစိမ်းကို ယခုနှစ်တွင် ၆၇၂၈ ဧကအထိ တိုးချဲ့စိုက်ပျိုးလာကြကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာမှ သိရှိရပြီး နှစ်စဉ်ပြည်ပဝယ်လိုအား ကောင်းခဲ့သဖြင့်တောင်သူများ စျေးကောင်းရခဲ့ကြပြီး ယခုနှစ်တွင် ပိုမိုစိုက်ပျိုးလာခြင်းဖြစ်ကြောင်းသိရသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ပဲလိုအပ်ချက်များကြောင့် မြန်မာပဲတီစိမ်းများ စျေးကောင်းရရန် မျှော်လင့်ရကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လတ်တလောစျေးနှုန်းများအရ မတ်ပဲစျေးနှုန်း၏အောက်တွင် ရောက်နေသော်လည်း တရုတ်ဝယ်လက်ဘက်မှ လိုအပ်ချက်မြင့်မားနေ၍အရည်အသွေးမီ ပဲများစျေးနှုန်းထပ်မံမြင့်တက်ဖွယ် ရှိသည်ဟုလည်း သိရသည်။

ဒေသခံတောင်သူများအနေဖြင့် ပဲတီစိမ်းကို ရက် ၉၀ မျိုးများသာစိုက်ပျိုးကြပြီး ခူးဆွတ်ရာတွင်လည်း စျေးကွက်ဝင်ရောင်းပန်းလှမည့် ပဲတောင့်များကိုတစ်တောင့်ချင်း လက်ဖြင့်ခူးဆွတ်လေ့ရှိကြောင်းသိရသည်။ ကျန်ပဲတောင့်များကို ဒုတိယအကြိမ်ထပ်မံခူးဆွတ်၍ ပထမပဲနှင့်ပေါင်း၍ ရောင်းချကြကြောင်း၊ တစ်ဧကလျှင် ၁၇ တင်းနှင့်အထက် ထွက်ရှိလေ့ရှိကြောင်းသိရသည်။

ယခုနှစ်တွင် ဒေသတွင်းပွဲရုံများက တစ်တင်းလျှင် ၈၅၀၀၀ ကျပ်စျေးနှုန်းဝန်းကျင်ဖြင့် စျေးဖွင့်ကောက်ယူလျက်ရှိရာမှ စျေးနှုန်းမြင့်တက်လာသဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးရိတ်သိမ်းစရိတ်အတွက် စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)