မောက်မယ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်ပြပွဲ ကျင်းပ

 

မောက်မယ် ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ဓာတ်ပုံ၊ နံရံကပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်သော်က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အသိပညာပေးလုပ်ငန်းများအား တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လူငယ်များအား ဦးတည်သည့် လူငယ်ရေးရာဟောပြောပွဲမှ ရရှိမည့်မှတ်သားစရာများအား လိုက်နာမှတ်သားရန်လိုအပ်ကြောင်း၊ ယခုလူငယ်၊ နောင်ဝယ်လူကြီးများ ဖြစ်ကြမည့် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ပေါက်စေရန် လိုက်နာကျင့်သုံးရမည့် ပြည်သူ့နီတိကျင့်ထုံးများ၊ ပြုမှုကျင့်သုံးလိုက်နာရမည့် ဂါရဝတရား၊ နိဝါတတရားများ၊ ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရားစသည့် ကိုယ်နှုတ်စိတ်သုံးပါးမှ ပြုမှုနေထိုင်ကျင့်ကြံရမည့် အကြောင်းအရာများ၊ လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ အသီးသီးဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး ဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန (Community Centrre) ခန်းမတွင် ခင်းကျင်းပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဓာတ်ပုံနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်းသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)