မိုးညိုမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူအသင်းအဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

မိုးညို ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်း၍ စာရေးဆရာဒေါက်တာကျော်စိန်ရေးသားသည့် "လူငယ်လမ်းညွှန်"စာအုပ်ဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန္ဒာလင်းက စာဖတ်ဝိုင်းများပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌဦးမြသန်းက လူငယ်နှင့်ဘာသာရေးခေါင်းစဉ်မှ ဘာသာရေးဟူသည်၊ ဘာသာရေးနှင့်ကိုယ်ကျင့်တရား ‌ခေါင်းစဥ်များဖြင့်ဖတ်ကြားပြီး Women Club အဖွဲ့ဝင် ဒေါ်သင်းသင်းစိန်နှင့်ဒေါ်သစ်သစ်တို့က ခေါင်းစဥ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ Youth Club အဖွဲ့ဝင်မောင်ဖြိုး‌ဝေဦးက လူငယ်နှင့်ကြီးပွား‌ရေး ‌ခေါင်းစဉ်မှ ရည်မှန်းချက်နှင့်ဘဝပန်းတိုင်အားဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါစာအုပ်သည် အပေါင်းအသင်းမှား၍လမ်းပျောက်နေကြသော လူငယ်များအားလမ်းမှန်သို့‌ ရောက်ရှိစေရန် လမ်းညွှန်‌ပေးသောစာအုပ်ကောင်းဖြစ်သည့်အတွက် လူကြီးလူငယ်မရွေး ဖတ်ရှုသင့်သောစာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)