ဒေးဒရဲမြို့၌ ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဒေးဒရဲ ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကျေးရွာဒေသများအရောက် ကွင်းဆင်း၍ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက သကြားဟင်းအိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက်တွင် မြို့နယ်ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးက ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူများအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာလှိုန်ဘုန်းမြင့်က မွေးမြူရေးဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းဟန်က ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးကျော်စွာမြင့်က ကျေးရွာလမ်းများ၊ သောက်သုံးရေနှင့် ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ မြို့နယ်သမဝါယ မဦးစီးဌာနမှူး ဒေါ်စိုးစိုးညွန့်က နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးနေမှု အခြေအနေများကို ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များနှင့် ဒေသလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကျေးရွာဒေသများ စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အပတ်စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း