ချောင်းသာမြို့ ရွှေသာယာမြို့မစျေးကြီး၌ မီးဘေးကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား လိုက်လံစစ်ဆေး

ချောင်းသာ ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့မီးသတ်ဦးစီးဌာနအနေဖြင့်  ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ကာကွယ် ဆောင်ရွက်နိုင်ရန်အတွက် မီးဘေးကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက် ၁၀ နာရီက ‌ရွှေသာယာမြို့မစျေးကြီးတွင် မီးဘေးကာကွယ်ရေး ပြင်ဆင်ထားရှိမှုများကို တာဝန်ရှိသူများအဖွဲ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့မီးသတ်ဦးစီးမှူးဦးချစ်သဲမောင်က လျှပ်စစ်မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထားဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်အချက်များ၊ ဖယောင်းတိုင်မီးများ၊ အမွေးတိုင် မီးများနှင့် ခြင်ဆေးခွေများ  စနစ်တကျအသုံးပြုရန်နှင့် မီးဘးအန္တရာယ်ကြုံတွေ့ရပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီသတင်း‌ပေးပို့ကြရန်တို့ကို စျေးကော်မတီဝင်များအား ရှင်းလင်း ပြောကြားသည်။

ထိုနောက် စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးမှူးဦးချစ်သဲမောင်ဦးဆောင်ပြီး သန္ဓေနှင့် အရန်တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များက ရွှေသာယာမြို့မစျေးကြီးတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ် ဆေးဘူးများနှင့် မီးငြိမ်းသတ်ရေးပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများ၊ မီးသတ်ရေကန်နှင့် ရေစုပ်စက်များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)