မုံရွာ ဖေဖော်ဝါရီ ၁၅
တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးဆိုးကျိုးများကို သိရှိရှောင်ရှားစေရန်၊ မူးယစ်ဆေးဝါး ကင်းစင်သော တက္ကသိုလ်များဖြစ်လာစေရန် နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော မူဝါဒများ ချမှတ်၍ ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (ပထမပညာသင်ကာလ)မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသန်းသန်းဝင်း၊ ဒေါက်တာခင်နွဲ့အေး၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးကျော် တက်ရောက်ခဲ့ကြသည်။
ဦးစွာ မုံရွာတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဌေးဌေး က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စပ်လျဥ်းပြီး မူးယစ်ဆေးဝါး စွဲလန်းရသည့်အေကြာင်းများ၊ မူးယစ်ဆေးဝါးမသုံးရန် ရှောင်ရမည့်အချက်များ၊ မူးယစ်ဆေးဝါး ကင်းစင်သော တက္ကသိုလ်ဖြစ်လာစေရေး မူဝါဒများချမှတ်ရန် လိုအပ်ချက်များအားလည်းကောင်း၊ အဆိုပါမူဝါဒများအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တို့ကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)