မြင်းမူမြို့တွင် ကုလားပဲဈေးတည်ငြိမ်လျက်ရှိ

မြင်းမူ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုး ထားရှိသည့် ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချလျက်ရှိရာ စတင်ရောင်းချသည့် ဇန်နဝါရီလကုန်မှစ၍ ယခုဖေဖော်ဝါရီလဝက်ကုန်သည်အထိ ဝယ်ဈေး တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

တောင်သူအများစုအနေဖြင့်   အထွက်နှုန်းပိုမိုကောင်းမွန်သည့်   ရေဆင်း(၁၁) ပဲမျိုးကို အဓိက ထားစိုက်ပျိုးကြကြောင်း၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ ထွန်ယက်ခနှင့် ဆေးဝါး အသုံးပြုခ အပါအဝင်ငွေကျပ်တစ်သိန်းရှစ်သောင်းကျော် နှစ်သိန်းနီးပါးကုန်ကျကြောင်း တစ်ဧကလျှင် ကုလာပဲတင်း(၂၀)ထွက်ရှိပြီး  ယခုလက်ရှိ(၁)တင်းလျှင် ငွေကျပ် (၉၅၀၀၀)ကျပ် ဖြင့်ရောင်းချရ၍ အရင်းနှုတ်ပြီးတစ်ဧကအတွက် အမြတ်ငွေ (၁၉)သိန်းကျော်ရရှိကြောင်း ပဲစိုက်တောင်သူ ဒေါ်အေးနွယ်ထံက သိရသည်။

မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်တွင် ဆောင်းသီးနှံကုလားပဲ (၁၃၂၃၇)ဧကကို စိုက်ပျိုးရန် လျာထားခဲ့ပြီး ရာနှုန်းပြည့်နီးပါး စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မြို့နယ်၏ ကုလားပဲထွက်ရှိမှုအနေဖြင့်   ယမန်နှစ်က ပျှမ်းမျှ(၁)ဧကလျှင် (၁၈ ဒဿမ ၇၃)တင်းထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူထံက သိရသည်။

အောင်စိုးဖေ(မြင်းမူ)