မြိတ် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ခန်းမတွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်၊ (ထားဝယ်/မြိတ်/ကော့သောင်း) ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ (၂၄)နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
နှစ်ပတ်လည်အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းရိုးတန်း (၁၂၀)ကီလိုမီတာရှည်လျားပြီး ကျွန်းပေါင်း (၈၀၀) ကျော် ပါဝင်သည့် မြိတ်ကျွန်းစုများကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ငါးသယံဇာတများပေါကြွယ်ဝ သည့် တိုင်းဖြစ်ကြောင်း၊ ငါးလုပ်ငန်းကဏ္ဍသည် အဓိကစီးပွားရေး အချက်အချာကျသော တိုင်းဖြစ်ပြီး ကမ်းဝေးငါးဖမ်းလုပ်ငန်း၊ ဒေသခံကမ်းဝေး ငါးဖမ်းလုပ်ငန်း၊ ကမ်းနီးငါးဖမ်းလုပ်ငန်းနှင့် ရေငန်ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ကြကြောင်း၊ ဒါ့အပြင် အအေးခန်းနှင့် ပြုပြင်စက်ရုံများ၊ ရေယာဉ်ပြုပြင်လွန်းကျင်းများလည်းရှိပြီး၊ ရေထွက်ပစ္စည်း ကုန်ကြမ်းနှင့် ကုန်ချောတို့ကိုလည်း ပြည်ပသို့တင်ပို့၍ နိုင်ငံခြားဝင်ငွေများကို ရှာဖွေပေးနိုင်သော တိုင်းတစ်တိုင်းလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ ရေလုပ်သားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း၊ ငါးသယံဇာတရေရှည် တည်တံ့ရေးနှင့် ထိန်းသိမ်းဆောင်ရွက်ရေး၊ စနစ်တကျ ထုတ်ယူသုံးစွဲနိုင် ရေးသည်လည်း အရေးကြီးပါသဖြင့် ဝိုင်းဝန်းထိန်းသိမ်းပေးရမည်ဖြစ်ကြောင်း၊ ရေသယံဇာတ ဆိုတာလဲ သဘာဝအတိုင်း ပြန်လည်ဖွံ့ဖြိုးမြဲဖြစ်ပေမယ့် မကုန်ခမ်းနိုင်သောအရာ မဟုတ်တဲ့ အတွက်ကြောင့် အိမ်နီးချင်းနိုင်ငံအား နမူနာထားပြီး သတိမူမိဖို့လိုမှာဖြစ်ကြောင်း၊ ငါးသယံဇာတ တိုးပွားရေးအတွက် ငါး/ပုစွန် သားပေါက်များ မျိုးစိုက်ထည့်ပေးခြင်း၊ သယံဇာတထိန်းသိမ်း စောင့်ရှောက်ခြင်းများကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေသလို ရေရှည်တည်တံ့သည့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ပြဌာန်းထားတဲ့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ကြဖို့ လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုယ်စား အကြီးတန်း ဒုဥက္ကဋ္ဌ ဒေါက်တာ တိုးနန္ဒာတင်နှင့် တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဦးလှသန်းတို့မှ ငါးလုပ်ငန်း ကဏ္ဍ တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးသက်စိုးမှ နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းမည့် အစီရင်ခံစာနှင့် ငွေစာရင်း ရှင်းတမ်းများ ဖတ်ကြားပြီး နှစ်ပတ်လည်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများအား တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်များထံမှ အတည်ပြုချက်ရယူကာ ၂၀၂၃-၂၀၂၇ ခုနှစ် (၅)နှစ်သက်တမ်းကာလအတွက် တာဝန်ထမ်းဆောင်လျက်ရှိသော တိုင်း/ခရိုင်/မြို့နယ် အမှုဆောင်များအား မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး ဦးကြီးငွေမှ အတည်ပြုကြေငြာပေး၍ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်သည် သုတေသန ဆောင်ရွက်ချက်များ ပြုလုပ်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီ တိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်တို့အကြား “ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ ထူထောင်မှု သဘောတူစာချုပ်” ချုပ်ဆိုပြီး သုတေသန ရန်ပုံငွေထူထောင်ကာ တိုင်းဒေသကြီးအတွင်း သုတေသနလုပ်ငန်း(၇)ခုအား ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါ့အပြင် ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုသည့် ရေငန်ငါး/ပုစွန်များ ရောဂါရှာဖွေ စစ်ဆေးနိုင်ရန် Mobile RT-PCR စက်ကို လည်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသည်။
တိုင်းဒေသကြီးအတွင်း ရေရှည်တည်တံ့ ခိုင်မြဲ၍ ဖွံ့ဖြိုးတိုးတက်သည့် ငါးလုပ်ငန်းဆိုင်ရာ သယံဇာတနှင့် ဂေဟစနစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပသို့ ငါး/ပုစွန်တင်ပို့မှုတိုးတက်နိုင်ရေး၊ (GDP) တိုးတက်ရေးတို့အတွက် ဖမ်းဆီးရေးအပြင် မွေးမြူရေးလုပ်ငန်းများကိုပါ ဖွံ့ဖြိုးတိုးတက်စေရန် ရေလုပ်ငန်းရှင်များအား ဖြစ်နိုင်သည့် နေရာများတွင် တိုးချဲ့မွေးမြူနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)