မကွေး ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ၂၅၉၀ ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယ ဘုရားပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းဖွင့်လှစ်ခြင်း (၅)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်ကြီးများ၊ မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယဆရာတော်ကြီးများနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွတ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ အမှတ်(၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေ့ဦးစွာ အနောက်ပိုင်းလေတပ်ကွတ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ အမှတ်(၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးသန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဌေးတို့က မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒပူဇနိယပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဩဝါဒါစရိယ ဘဒ္ဒန္တခမာစာရတို့က မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် တာဝန်ရှိသူများက ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့် ငါးလွှတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မကွေးမြို့အောင်မြေရတနာကျောင်းတိုက် ပဓါနနာယက(မဟာဂန္ထဝါစကပဏ္ဍိတ) မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသုမန အမှူးပြုသော ဆရာတော်ကြီးများနှင့် အကြီးအကဲများက အောက်စက်တော်ရာ(ခြေတော်ရာ) အလင်းပေါက်ဖန်အုပ် စောင်းတော်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီတော်မြတ် သံတံခါးအားဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် နမ္မဒါရေစင်နှင့် အမွှေးနံ့သာရေများ သွန်းဖြန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြကာ ပင့်ဖိတ်ထားသော ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓပါဒစေတီတော် (ခြေတော်ရာ) နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိတ်သွန်းတော်မူသည်။
ယင်းနောက် မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင်သာသနာ့ဗိမ္မာန်တော်၌ ၂၅၉၀ ကြိမ်မြောက် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒစေတီတော်နှစ်ဆူ ဖွင့်လှစ်ပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် ဒါနသီလဘာဝနာကုသိုလ်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူ အကြီးအကဲများက ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းကာ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်ခဲ့သည်။
မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့် စာရင်းဝင်ဘုရားကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ထင်ရှားကြော်ကြားပြီး ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီး တစ်ခုဖြစ်ကြောင်း၊ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ပေါင်း(၆၄)ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်အရပ်မှ ဘုရားဖူးရဟန်းရှင်လူ မိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်ရင်း ညအိပ်တည်းခိုနားနေနိုင်စေရန် တည်းခိုဆောင်အခန်းပေါင်း(၁၀၀၀)ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း (၈၀၀)ကျော်ကို ဆောက်လုပ်ပေးထားပြီး၊ ယခုအခါ ၂၅၉၀ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရှိရသည်။
မောင်ညီညာ