မအူပင်မြို့၏ ကျက်သရေဆောင် ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်အသစ် ပြန်လည်တင်လှူပူဇော်နိုင်ရန် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲကျင်းပ

မအူပင် ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီး၏ စိန်ဖူးဝောာ်၊ ငှက်မြတ်နားတော်နှင့် ထီးတော်အသစ်ပြန်လည်တင်လှူ ပူဇော်နိုင်ရန်အတွက် နိုင်ငံတော်ဩဝါဒစရိယဘဒ္ဒန္တဉာဏဒီပ သိုက်ကုန်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ ကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါဘုရားကြီး တန်းဆောင်းတော်အတွင်း ကျင်းပပြုလုပ်သည်။

ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ စိန်ဖူးတာ်နှင့် ငှက်မြတ်နားတော်များအား တပေါင်းလဆန်း (၈)ရက်နေ့ တွင် မြို့တွင်းသို့ လှည့်လည်အပူဇော်ခံသွားမည်ဖြစ်ပြီး တပေါင်းလဆန်း (၁၄)ရက်နေ့တွင် အောက်ခြေဘုံ (၉)ဆင့်ပါသော ထီးတော်အသစ်အား ငြမ်းထိပ်ပေါ်တွင် ယာယီတင်ဆောင် ပူဇော်ထားမည်ဖြစ်ကြောင်းနှင့် တပေါင်းလပြည့်နေ့တွင် နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တဉာဏဒီပ သိုက်ကုန်းဆရာတော်ဘုရားကြီး၏ အခါတော်ပေးသည့်အချိန်တွင် အသစ်များပြုလုပ်ထားသည့် အပ်သွားဖုံး၊ ဟင်္သာ၊ ပန်းကိုင်၊ စိန်ဖူတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်များအား တင်ဆောင်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရ သည်။

အဆိုပါ ဩဝါဒခံယူပွဲသို့ ဧရာဝတီတိုင်းသာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘုရားဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။                                                                                                                                                  အောင်မြင့်မြတ်(ပြန်/ဆက်)