ကျွန်းလှ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံဆီ ဖူလုံစေရန်အတွက် ချောင်းရေတင်ပြီး လယ်သီးထပ် နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီခွဲက တပ်ကုန်းကျေးရွာ၊ ကွင်းအမှတ် (၄၉၅) တောင်သူ ဦးမင်းနိုင်၏ လယ်မြေ (၃) ဧက၌ ကျင်းပကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက နေကြာစိုက်ပျိုးရာမှာ စိုက်နည်းစနစ်မှန်ကန်ရေး၊ သိပ္ပံနည်းကျ စိုက်နည်းစနစ် လိုက်နာကျင့်သုံးရေး သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရေး၊ သီးထပ်စိုက်ပျိုးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။
ထို့နောက်နေကြာစိုက်ပျိုးသော တောင်သူများအား ဆင်းရွှေကြာ -၂ နေကြာမျိုး၊ ဂျစ်ပဆန်(ကျောက်မှုန့်မြေဩဇာ)နှင့် ယူရီးယားဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး၍ လက်တွေ့စိုက်ပျိုးပြသသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာစိုက်ပျိုးရန် (၁၂၂၅) ဧကလျာထားပြီး ယနေ့အထိ (၁၂၂၇) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ပြန်/ဆက်)