ကြံခင်း ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက ကြံတောကျေးရွာအုပ်စု မျောက်ချောကုန်းကျေးရွာရှိ ကျောင်းသစ်ကျောင်းဘုန်းတော်ကြီးကျောင်းနှင့် ပက်မခမ်း ကျေးရွာရှိ တောင်ကုန်းကြီးဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်ဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခြင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်ပြီး ပန်းတိုင်ပြည့်မှီစိုက်ပျိုးအောင်မြင်ရေးအတွက် နည်းစနစ် တကျစိုက်ပျိုးနိုင်ရေး၊ လမ်းတံတား၊ ကျေးလက်မီးလင်းရေး၊ ရေရှိရေးနှင့်ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက် များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးကြည်စိုးက ဒေသနေပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက်ကြရန်နှင့် ယာဉ်အန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရမည့် အချက်များနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုနိုင်က ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများ မီးလောင်မှုလျှော့နည်းပပျောက်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးဟောပြောခဲ့ကာ မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာ ကျေးရွာအုပ်စုများရှိ ကျန်းမာရေးဝန်ထမ်းများဖြင့်ပူးပေါင်းကာ အသက်(၅၀)နှစ် အထက်ပြည်သူ များနှင့် (တတိယ)အကြိမ်ထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထပ် ဆောင်းထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)