ရေကြည် ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရေကြည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းချစ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ (Power Point) ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုအသုံးပြု၍ လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင် ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာ ကြေငြာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)