ဘိုကလေး ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အခြေစိုက် တော်ဝင်ဧရာကလပ်၏ ပြယုဂ် ဖြစ်သူ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အကောင်းဆုံး လက်ဝှေ့သမားဆုရှင်၊ ၂၀၂၀ ခုနှစ် ကရင်ပြည်နယ် ပထမအောင်လံဆုရှင်၊ ၂၀၂၃ခုနှစ် SKY NET ရွှေအောင်လံဆုရှင်၊ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပသည့် ခွန်ခမာလက်ဝှေ့ပြိုင်ပွဲတွင် အနိုင်နွှဲခဲ့သော သန့်ဇင် (တော်ဝင်ဧရာ) အနေဖြင့် နိုင်ငံတကာမှ ကိုယ်ခံပညာရပ်ပေါင်းစုံ ကစားသမားဖြင့် ကိုယ်ခံပညာရပ်ပေါင်းစုံ ယှဉ်ပြိုင်ပွဲများ၊ မွေထိုင်းလက်ဝှေ့ယှဉ်ပြိုင်ပွဲများ၊ ကစ်ဘောက်ဆင်ပွဲစဉ်များ၊ နပမ်းပွဲများ စီစဉ် ကျင်းပလျက်ရှိသော ONE Championship MMA အဖွဲ့အစည်းနှင့် ယခုနှစ်အတွင်း၌ လက်တွဲစာချုပ်ချုပ်ဆို၍ ဖေဖော်ဝါရီ (၁၆)ရက်နေ့ ည (၇)နာရီခွဲအချိန်တွင် ထိုင်းနိုင်ငံတွင် ပွဲဦးထွက် အနေဖြင့် ထိုးသတ်သွားမည်ဖြစ်သည်။
ဘိုကလေးသား လက်ဝှေ့ကျာ် သန့်ဇင် (တော်ဝင်ဧရာ) နှင့် ထိုးသတ်မည့်ပြိုင်ဘက်မှာ မွေထိုင်းလက်ဝှေ့ကျော် ထိုင်းနိုင်ငံကိုယ်စားပြု ထိုင်းနိုင်ငံသား ဂျိုင်ဆင်ဖြစ်ပြီ မွေထိုင်းကစားနည်းဖြင့် (၁၃၈)ပေါင်တန်းတွင် ထိုးသတ်မည်ဖြစ်ကြောင်း၊ သန့်ဇင်(တော်ဝင်ဧရာ)နှင့် ဂျိုင်ဆင်(ထိုင်း)တို့ ထိုးသတ်မည့် ပွဲစဉ်မှာ ပွဲစဉ်နံပါတ်(၅)ဖြစ်ပြီး ပွဲစဉ်နံပါတ်(၂)တွင် မြန်မာ့ရိုးရာ ထိပ်တန်းလက်ဝှေ့ ကျော် သံမဏိစိုးလင်းဦးနှင့် ဂျပန်နိုင်ငံသား မာဆာရိုရှီ ဆူဟာရှီတို့၏ မွေထိုင်းပွဲစဉ်ပါ ပါဝင် ထိုးသတ်မည်ဖြစ်ကြောင်းနှင့် ၎င်းပွဲစဉ်များအပါအဝင် ONE FRIDAY FIGHTS 52 ပွဲစဉ်များအား SKYNET SPORTS ရုပ်သံလိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)