ရွှေဘို ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်လူရွယ် များ၏ အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေးနှင့် ပညာရှင်များ ထွန်းကားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းချိန် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က အမှာစကားပြောကြားရာ သင်တန်းသား/သူများအနေဖြင့် မိမိတို့လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့အောင် ကျွမ်းကျင်မှုရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အထောက်အကူပြုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကွန်ပျူတာ အခြေခံသင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တစ်လအကြာဖွင့် လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၂၂ ဦး တက်ရောက်ကာ အခမဲ့ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် အခြေခံကွန်ပျူတာပန်းချီသင်တန်းများ ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)