ဟင်္သာတ ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာ ဓမ္မာရုံ၌ ဟင်္သာတမြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ဒေသခံ ပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ( ၉ ) နာရီခွဲ အချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်စွာထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ၊ အဖွဲ့ဝင်(၂) ဦးမြင့်သိန်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးဆန်းဝင်းမှ လုံခြုံရေး၊ ပြစ်မှုဆိုင်ရာများ၊ ဖြစ်ပွားတတ်သောမူခင်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြတ်မင်းဦးက စိုက်ပျိုးရေး ကဏ္ဍနှင့်ပတ်သက်ပြီး မိမိတို့တောင်သူများအနေဖြင့် စိုက်ပျိုးရေး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နေမှု အခြေအနေများ ၊ ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ မိမိတို့ဌာနနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပြည်သူများအား ချပြရှင်းလင်းခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများမှ မိမိတို့ရပ်ရွာဒေသ လိုအပ်ချက်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)