မြောင်းမြ ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြည်သူလူထုအသက်အိုးအိမ်ပစ္စည်းများ၊ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၊ စက်ရုံနှင့်အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က REGENCY စက်သုံးဆီဆိုင်၌ သရုပ်ပြခြင်းနှင့် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သရုပ်ပြခြင်းနှင့် ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးလောင်ရာတွင် မီးငြိမ်းသတ်ပုံ၊ အဆောက်အဦးအတွင်းမှ ကူညီကယ်ဆယ်ပုံများကို သရုပ်ပြသခဲ့ပြီး REGENCY ဆီဆိုင်မှ ဝန်ထမ်းများအား မီးလောင်နေမှုကို လက်တွေ့စမ်းသပ် ငြိမ်းသတ်စေခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွား၊ မပေါ်ပေါက်စေရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လျှပ်စစ်မီးများ အသုံးပြုရာတွင် မီးဘေးလုံခြုံရေး အလေးထားလိုက်နာဆောင်ရွက်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့်မီးသတ် ဆေးဘူးများစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)