မော်လမြိုင်ကျွန်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး လပွတ္တာခရိုင်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးရဲထက်စိုးက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုအသုံးပြု၍ လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ ရေရှည်တွင်ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေငြာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)