ဟားခါး ဖေဖော်ဝါရီ ၁၅
၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း၊ မည်သည့်အလုပ်ပဲလုပ်လုပ် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ခိုင်းမှလုပ်ခြင်းမျိုးမဟုတ်ဘဲ မိမိအသိစိတ်နှင့် စေတနာအပြည့်ဖြင့် ဆောင်ရွက်သည့်အကျင့်ကို ဝန်ထမ်းတိုင်းတွင် ထားရှိရမည်ဖြစ်ကြောင်း၊ ချင်းအမျိုးသားနေ့အခမ်း အနားသည် အခြားသာမန်ပွဲမျိုးမဟုတ်ဘဲ ချင်းအမျိုးသားများ၏ အထွတ်အမြတ်ထားသည့် နေ့ထူး နေ့မြတ်ဖြစ်သည့်အတွက် ခမ်းခမ်းနားနား သိုက်သိုက်မြိုက်မြိုက်နှင့် အနှစ်သာရပြည့်ဝစွာ ကျင်းပ သွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနားတက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့အောင်မြင်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ချင်းအမျိုးသားနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီအသီးသီးများ ထံသို့ တင်ပြတောင်းခံထားသည့် ရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်းဆီကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ချင်းပြည်နယ်အတွင်းရှိ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအခြေအနေအရ ချင်းအမျိုးသားနေ့အခမ်း အနားကျင်းပနိုင်သည့် မြို့နယ် (၆) မြို့နယ်အတွက်လည်း ချင်းအမျိုးသားနေ့အတွက် ရန်ပုံငွေများ ခွဲဝေခွင့်ပြုထားပြီးဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပေးခဲ့သည့် ဆပ်ကော်မတီအသီးသီးမှ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ကော်မတီအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။ ဆပ်ကော်မတီအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြုံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)