တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်ရှိ တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှု အခြေအနေများအား လာရောက်ကြည့်ရှု

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာရှိ တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပ ပြုလုပ်ရန် ပြင်ဆင်နေမှု အခြေအနေများအား  ယမန်နေ့ နေ့လည် (၁)နာရီ အချိန်က လာရောက်ကြည့်ရှုခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင် ဦးဆောင်သောအဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ်လ(၂)ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားအား ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုများဖြစ်ကြသည့် မြေနေရာများအား ထွန်စက်ဖြင့်ညှိခြင်းနှင့် ဟင်းသီး၊ ဟင်းရွက်ပင်များ စိုက်ပျိုးထားခြင်း အခြေအနေများကို ကြည့်ရှုခဲ့ကြသည်။

ထိုသို့ ကြည့်ရှုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)