တနင်္သာရီ နိုဝင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ် သာသနာ့ဝုဎ္ဋိပါလကျောင်းတိုက် ဦးစီးပဓာနဆရာတော် အသက်တော် (၁၀၂)နှစ်၊ ဝါတော်(၈၂)ဝါရှိ ဘဒ္ဒန္တအရှင်ပညာဒီပ၏ ဩဝါဒကို ခံယူ၍ တနင်္သာရီမြို့၏ ရိုးရာ နဂါးလှေ သဘင်ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော်(၄)ရက် နေ့မှာ စည်ကားစွာကျင်းပလျက်ရှိပြီး၊ (၁၇-၁၀-၂၀၁၉)နေ့တွင် တနင်္သာရီမြို့၏ မြို့တည် နန်းတည်နှစ် (၈၆၆)နှစ်မြောက်အဖြစ်၊ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။
သို့သော် ယခု ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့် ဒေသန္တရ အမိန့်များအရ (၈၆၇)နှစ်မြောက်၊ ရိုးရာနဂါးလှေသဘင် ပွဲတော်ကို ကျင်းပပြုလုပ်မည် မဟုတ်ဘဲ ရိုးရာ နဂါးလှေ သဘင်ပွဲတော်၏ အစဉ်အလာကို ထိန်းသိမ်းသည့်အနေဖြင့် နဂါးလှေတော်အစား ဖောင်မျှောခြင်း အစီအစဉ်အား ယခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၄)ရက်၊ (၄-၁၁-၂၀၂၀)ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၆ နာရီအချိန်တွင် အကျဉ်းမျှသာ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း မြို့နယ်ရိုးရာနဂါးလှေတော်အဖွဲ့မှ သိရှိရသည်။
ယခင်နှစ်များကဆိုလျှင် ယခုလိုအချိန်တွင် ရိုးရာနဂါးလှေသဘင်ပွဲတော် အောင်မြင်စွာ လှော်ခတ်ကျင်းပနိုင်ရန် အတွက် ချောင်းကြီးကျောင်းတိုက်ရှိ ရွှေနန်းသာရီနှင့်ငွေနန်းသာရီ နဂါးလှေနှစ်စီး၊ လယ်သစ်အနောက်ကျေးရွာ ကျောင်းကြီးတိုက်မှ မြကြီးအောင်နှင့်ရန်ကြီးအောင် နဂါးလှေနှစ်စင်း ၊ လယ်သစ်အရှေ့ကျောင်းမှ စိန်ပန်းသွယ်နှင့် ပတ္တမြားသွယ် နဂါးလှေနှစ်စင်း စုစုပေါင်းနဂါးလှေတော် (၆)စင်းအားရေချမင်္ဂလာပြုလုပ်ခြင်း၊ နဂါးလှေနှင့် ဆက်စပ်ပစ္စည်းများအား မွမ်းမံပြင်ဆင်ခြင်း၊ မြစ်ရေပြင်အတွင်းမှာ လှော်ခတ်လေ့ကျင့်ခြင်းများ ပြုလုပ်ခြင်းဖြင့် လှေသဘင်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေချိန်ဖြစ်သည်။
အလားတူ ရိုးရာနဂါးလှေသဘင်ပွဲတော်ကျင်းပမည့် သီတင်းကျွတ်လပြည့်ကျော်(၄)ရက်နေ့၌ သက်တော်ရှည် ဆရာတော် ဘုရားကြီးမှ ရွှေနန်းသာရီ၊ ငွေနန်းသာရီ၊ ရန်ကြီးအောင်၊ မြကြီးအောင်၊ စိန်ပန်းသွယ်နှင့်ပတ္တမြားသွယ်စသည့် နဂါးလှေတော် (၆)စင်း၏ ဦးခေါင်းတော်များကို အမွှေးနံ့သာ၊ ပေါက်ပေါက်နှင့်နွားနို့ရည်များဖြင့် ဦးခေါင်းဆေး ခြင်း မင်္ဂလာကို မေတ္တာပို့သချီးမြှင့် ဆောင်ရွက်ပေးပြီး အဆိုပါရိုးရာနဂါးလှေ(၆)စီးမှ နဂါးလှေ ဖွဲ့စည်းပုံအတိုင်း လှေတော်သားများက ရှေးဟောင်းသမိုင်းဝင် နဝဒတ်စေတီ၊ ဝင်္ကဘာစေတီ၊ မြဝတ်ဆင်စေတီနှင့်လေသာ စေတီတော်မြတ်များအား ရည်မှန်း၍ မြစ်ရေပြင်အတွင်းမှ လှော်ခတ် ကြရင်း ဦးခိုက်ပူဇော်ကြသည်။ ၎င်းရိုးရာ လှေ(၆)စင်းတွင် လှေတော်သား စုစုပေါင်း(၂၅၀)ဦးခန့်ရှိသည်။
တနင်္သာရီမြို့နယ်တွင် ရိုးရာနဂါးလှေသဘင်ပွဲတော်ကို သက္ကရာဇ်(၅၁၅)ခုနှစ်၊ တနင်္သာရီမင်း ဆက်ဗျံစက္ကပိတ်(ခေါ်) စကြာဝတေး မင်းလက်ထက်မှစတင်၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် အထိ အသက်တော်(၁၀၂)နှစ်၊ ဝါတော်(၈၂)ဝါရှိ ဘဒ္ဒန္တအရှင် ပညာဒီပ၏ ဩဝါဒကိုခံယူလျက် နှစ်စဉ် အစဉ်အလာမပျက် ထိန်းသိမ်း ကျင်းပလာခဲ့သည်မှာ၊ ယခုနှစ် ၁၃၈၂ ခုနှစ်ဆိုလျှင် (၈၆၇) နှစ်မြောက် ရှိပြီဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ သိရှိရသည်။
ရိုးရာ နဂါးလှေတစ်စင်း၌ မင်္ဂလာဦးပေါက်(လှေတော်ဦးစီး)တစ်ဦး၊ မင်္ဂလာလည်ရွှဲ့(လှေဦးစီး အနောက်ထိုင်)နှစ်ဦး၊ လည်ရွှဲ့ အကူနှစ်ဦး၊ (နှဲ၊ဗုံတီး၊ကြေးတီး၊မောင်းတီး) လှေတီးဝိုင်းသား(၄)ဦး၊ ပဲ့မာန်စွယ်အကူနှစ်ဦး၊ လျှာတက်ကိုင် အကူ(ပဲ့နင်းငယ်)နှစ်ဦး၊ လျှာတက်ကိုင်(ပဲ့နင်းကြီး)တစ်ဦး၊ လှေတော်သား (၂၈)ဦး စသဖြင့် လှေတော်သား စုစုပေါင်း (၄၂)ဦးစီ လူအင်အားဖွဲ့စည်းပုံပါဝင်ပြီး၊ စည်းလုံး ညီညွတ်မှုရှိခြင်း၊ အားမာန်အပြည့်ဖြင့်လှော်ခတ်ရခြင်းနှင့် တစ်နှစ်တွင် တစ်ကြိမ်သာ ကျင်းပပြုလုပ်ခြင်းစသဖြင့် ထူးခြား သည့် ရိုးရာလှေသဘင်ပွဲတော်ဖြစ်သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)