ရှမ်းရွာသစ် နိုဝင်ဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယနေ့ နံနက်ပိုင်း (၁၁)နာရီအချိန်ခန့်မှ စတင်၍ ထုတ်ပေး လျက် ရှိကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် မဲရုံများအတွက် လိုအပ်သည့် ပစ္စည်းများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ၊ Hand Gelဘူး၊ လက်အိတ်များ၊ မဲဆန္ဒနယ်အလိုက် လက်မှတ်များအား အရေအတွက်အတိုင်း ပြည့်မပြည့် ၊ စွန်းထင်းစုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်ခြင်းရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အမည်မှန်/မမှန်၊ အသုံးပြုသင်္ကေတ (logo)များ မှန်ကန်မှုရှိ/မရှိ တို့အား ဖွင့်ဖောက်စစ်ဆေးပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအလိုက် ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဆန္ဒမဲကလမှတ်များ ထုတ်ပေးရာတွင် ရှမ်းရွာသစ်မြို့ရှိ မဲရုံပေါင်း (၁၆)ရုံအတွက် ပြည်သူ့ လွှတ်တော် ဆန္ဒမဲလက်မှတ် (၂၄၃)အုပ်၊ အမျိုးသားလွှတ်တော်ဆန္ဒမဲလက်မှတ်(၂၄၃)အုပ်၊ ပြည်နယ်လွှတ်တော် (၂၄၃)အုပ်နှင့် ပအိုဝ်တိုင်းရင်းသား ဆန္ဒမဲ လက်မှတ် (၂)အုပ်၊ဗမာတိုင်းရင်းသား ဆန္ဒမဲလက်မှတ် (၄)အုပ်နှင့် မွန်တိုင်းရင်းသား (၁)အုပ်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)