မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မြို့သစ် ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့်အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြည်သူများ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သော နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူး အစရှိသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ မီးဖိုများကို အိမ်ပေါ်တွင် ထားရှိသုံးစွဲခြင်းမပြုရန်နှင့် (၃)ပေပတ်လည်၊ (၂)ပေအနက် မီးကျင်းတူး၍ ချက်ပြုတ်သုံးစွဲရန်၊ မိမိတို့အိမ်တွင် အသုံးပြုနေသော ဝါယာကြိုးများနှင့် လျှပ်စစ်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ထားကြရန်နှင့် လူစောင့်မရှိပါက လျှပ်စစ်မီးမိန်းခလုတ်များ ပိတ်ထားကြရန်၊ မီးသွေး/ထင်းမီးဖိုဖြင့်ထမင်း၊ ဟင်းများချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရန်၊ မီးလောင်မှု /မီးလန့်မှုများဖြစ်ပေါ်ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ အကူအညီတောင်းရန် စသည့် မီးဘေးအန္တရာယ်သတိပြုလိုက်နာရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် မြို့ပေါ်(၅)ရပ်ကွက်အတွင်း လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)