နတ်မောက် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ညနေပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် ဈေးသူဈေးသားများအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်း၊ ဈေးအတွင်းမီးသတ် ရေယာဉ်များဖြင့် လေးဘက်လေးတန် ငြှိမ်းသတ်ခြင်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မြို့မဈေးကြီးအတွင်း အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲများ ထားရှိပေးသည့်အပြင် အဆင်သင့် အသုံးပြုနိုင်ရန် ရေငုတ်များကိုလည်းထားရှိကြောင်းနှင့် ဈေးသူဈေးသားများ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးထားကြောင်းဖြစ်ပြီး မီးပေါ့ဆမှုမရှိစေရေး နေ့စဉ်ဈေးတာဝန်ခံက လက်ကိုင်အသံချဲ့စက်ဖြင့် ဈေးအတွင်း လိုက်လံသတိပေးနှိုးဆော်လျက်ရှိကြောင်း ပြောကြားသည်။ နတ်မောက်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဈေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း