ကန့်ဘလူမြို့ အ.ထ.က(၂)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်

ကန့်ဘလူ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ စာအုပ် စာစောင်၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက် (၁၀) နာရီခွဲက အမှတ်( ၂) အခြေခံပညာအထက်တန်းကျောင်း ထာဝရခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းသန်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြင်ပဗဟုသုတများ တိုးပွားစေရန် အသိပညာပေးခြင်းကို ဂရုတစိုက် မှတ်သားကြရန်ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ဘဝရည်မှန်းချက် ပန်းတိုင်များထားရှိပြီး ဆန္ဒပြင်းပြစွာဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန်၊ စာပေဗဟုသုတ တိုးပွားစေရန်အတွက် အထောက်အကူပေးနိုင်သည့် စာအုပ်စာစောင်များကို လေ့လာဆည်းပူး မှတ်သားဖတ်ရှုပြီး ပြန်လည်အသုံးချရန် လိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် စာအုပ်စာပေများကို လေ့လာပါမှ ဗဟုသုတ ကြွယ်ဝလာ မည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ နှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများနှင့် တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ပြန်/ဆက်)