ကျောက်တံခါး ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ရင်းတိုက်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာရှိ ကျေးလက်နေပြည်သူအများစုသည် ကပ်ပဲယို(မြေပဲယို) လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရ၍ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျွန်မတို့ ကပ်ပဲယို(မြေပဲယို)လုပ်ရာတွင် ကြံသကာသုံးပိဿာကို မြေပဲတစ်ပိဿာ၅၀သား၊ နှမ်းငါးကျပ်သားထည့်ရပါတယ်၊ လုပ်ရတာကတော့ ကြံသကာနဲ့ မြေပဲကို ရောကြိုရပါတယ် ပွက်လာရင်း အညစ်အကြေးတွေကို ခပ်ခပ်ထုတ်ပေးရပါတယ် အညစ်အကြေးကုန်ပြီး ကြံသကာအရောင်ဝင်းလာပြီး တဖြည်းဖြည်းနဲ့တွဲလာပြီဆိုရင် တုတ်နဲ့ ထိုးကြည့်လို့ ချွတ်ရရင် ဆီသုတ်ထားတဲ့ သွပ်ပြားပေါ်သွန်ချပြီး အေးမသွားခင် ဆီသုတ်ထားတဲ့ ယောင်းမ (သို့မဟုတ်) ဇွန်းပြားနဲ့ ဆွဲဖြန့်ပြီး နှမ်းဖြူးပေးရပါတယ် ပြီးရင် ဓါးနဲ့ ကိုယ်လိုချင်တဲ့ အနေအထားကို ဓါးရာပေးရပါတယ် အဲနောက်မှာတော့ သံဇွန်းပြားနဲ့ ဓါးရာပေးထားတဲ့အတိုင်း အချပ်လိုက် ခွာရပါတယ် တစ်ဆယ်သားထုပ်လေးတွေထုပ်ပြီး ကျောက်တံခါးမြို့နယ်အတွင်းမှာရှိတဲ့ ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့၊ ဖဒိုမြို့၊ တောကျွဲအင်းမြို့နဲ့ ကျေးရွာတွေကို ဆိုက်ကယ်နဲ့ သွားရောက် ရောင်းချပါတယ်၊ ကပ်ပဲယို(မြေပဲယို)အပြင် ရှမ်းမရွေး၊ မုန့်ဝက်သားခေါက် မုန့်များကိုလည်းရောင်းချပါတယ်၊ ကပ်ပဲယို (မြေပဲယို) တစ်ဆယ်သားကို (၁၀၀၀)ကျပ် ရောင်းရပါတယ် တစ်နေ့ကို (၂၅၀၀၀) ကျပ်က (၃၀၀၀၀)ကျပ်ထိ ရောင်းရတဲ့အတွက် မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေးအဆင်ပြေကြောင်း ညောင်ပင်သာကျေးရွာမှ ကပ်ပဲယို (မြေပဲယို) ပြုလုပ်ရောင်းချသူ မသူဇာဝင်းက ပြောကြားခဲ့ကြောင်း သိရပါတယ်။
မြို့နယ် (ပြန်/ဆက်)