ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကြံစိုက်ပျိုးရာသီတွင် လမိုင်းခင်းနှင့်အခင်းသစ် စုစုပေါင်း(၂၀၄၄၅)ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကြံသီးနှံကို နှစ်စဉ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလတွင် ခုတ်သိမ်းရောင်းချနိုင်သည်။ ကြံစိုက်တောင်သူအများစုအနေဖြင့် ခုတ်သိမ်းပြီးကြံများကို ပေါက်ခေါင်းမြို့နယ် အင်ငါးခွသကြားစက်၊ ပြည်မြို့နယ်ရှိ နဝဒေးသကြားစက်ရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင်မူ ကြံသကာဈေးကွက်ကောင်းသဖြင့် ကြံသကာချက်ပြုလုပ်ရောင်းချသူများလည်းရှိကြောင်း၊ ကြံသကာချက်လုပ်ရောင်းချရာတွင် အကျိုးအမြတ်ပိုမိုရရှိကြောင်း တောင်သူတစ်ဦးက ပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့အထိအခင်း သစ်(၁၂၉၁၂)ဧကနှင့် လမိုင်းခင်း(၄၂၂၀)ဧက စုစုပေါင်း(၁၇၁၃၂)ဧကအထိ တောင်သူများမှ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ကြံတစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် သင့်တော်သောအချိန်နှင့် ရာသီမီစိုက်ပျိုးနိုင်ရေးနှင့် ကြံမျိုးကောင်းအထွက်ကောင်းမျိုးအသုံးပြုရေး၊ လမိုင်းခင်းများကိုလည်း သေချာစနစ်တကျပြုပြင်ထားရှိခြင်းနှင့် ကြံမျိုးကောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကြံအထွက်နှုန်းတိုးတက်ရေးအတွက် စံပြစိုက်ခင်းများ၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာအချိုးကျသုံးစွဲရေး အပင်ကြီးထွားချိန်ပိုးမွှားကျရောက်လာပါက ကာကွယ်နှိမ်နင်းခြင်းနှင့် နည်းပညာပေးကူညီပံ့ပိုးပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ ကြံသီးနှံစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရန်အတွက် ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကြံသီးနှံစိုက်တောင်သူများအတွက် ကြံတစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ထုတ်ချေးပေးထားကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)