သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

သရက်ချောင်း  ဖေဖော်ဝါရီ    ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၈နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် ရွှေပြည့်ရှင်ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်က အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍ သိရှိနိုင်စေရန် အသိပညာပေးဟောပြောခြင်း၊ သတင်းမှားများကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များ၊ သတိပြုသင့်သည် သတင်းတု၊ သတင်းမှားများနှင့် အသိပညာဗဟုသုတရဖွယ် အကြောင်းအရာများ၊ အင်တာနက်တွင် သတင်းတု၊ သတင်းမှားများ ဖြန့်သောသူများအား အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ရပ်မိ/ရပ်ဖများအား အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ရပ်မိ/ရပ်ဖများအား သတင်းတု/သတင်းမှားနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့၊ မြို့မစခန်းမှူး ဦးသိန်းထိုက်က Facebookပေါ်တွင် သတင်းတု၊ သတင်းမှားများ ထုတ်လွင့်နေသော pageများမှ ပြည်သူများက shareခြင်းများမပြုလုပ်ကြရန်၊ ထို့သို့ပြုလုပ်ပါက တရားဥပဒေအရ ထိရောက်စွာအရေးယူရနိုင်ကြောင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက မိမိတို့ဌာနအနေဖြင့် အခြားသတင်းမီဒီယာများမှ သတင်းမှားများကို မိမိတို့ဌာနသတင်းမီဒီယာများတွင် အချိန်နှင့်တပြေးညီ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့နယ်အတွင်း ဒေသလှုပ်ရှားမှုသတင်းများနှင့် ဒေသဖွံ့ဖြိုးရေးသတင်းများ၊ အခြားလှုပ်ရှားမှုသတင်းများကို အချိန်နှင့်တပြေးညီ လွှင့်တင်ပေးလျက်ရှိပါကြောင်း တက်ရောက်လာသောရပ်မိ/ရပ်ဖများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အင်တာနက်ပေါ်၌ သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာရုပ်ပုံ၊ ဗီဒီယိုများတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆို ခြင်းအပေါ် ဥပဒေကြောင်းအရ တားမြစ်အရေးယူနိုင်ရေး ကော်မတီမှအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သွားဖြစ်ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)