ဆိပ်ဖြူမြို့နယ်၌ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများပြင်ဆင် ဆောင်ရွက်ခြင်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဆိပ်ဖြူ    နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၉နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းသည် ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်အောင်တို့နှင့်အတူ ဆိပ်ဖြူမြို့ အနောက်ပိုင်း ရပ်ကွက်နေ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ နိုဝင်ဘာလ(၈)ရက်နေ့ ဆန္ဒမဲပေးရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် ဆိပ်ဖြူ(အ.ထ.က)ရှိ မဲရုံအမှတ်(၁) နှင့် မဲရုံ အမှတ်(၂) နေရာများ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်းရှိ မဲရုံများ စနစ်တကျပြင်ဆင် ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်များစိတ်အေးချမ်းသာစွာ မဲပေးနိုင်ရန်  မဲပေးရန် ဆန္ဒပြုခန်းများ ကျယ်ကျယ်ဝန်းဝန်းရှိစေရန်၊ လျှပ်စစ်မီးများ သွယ်တန်းထားရှိမှုနှင့် အလင်းရောင်ပြည့်ဝစွာ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်ရေး  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲ လာရောက်ပေးရာတွင် လူစုလူဝေးများမဖြစ်ပေါ်စေရန်၊ ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့် အညီအလေးထားဆောင်ရွက်ကြရန် ၊ ၂၀၂ဝပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ကဏ္ဍအသီးသီးအလိုက် ဌာနဆိုင်ရာများက လမ်းညွှန်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့သည် ဂွေးပင်ကျေးရွာနှင့် အရှေ့ကံတွင်းကျေးရွာများရှိ အထက်တန်းကျောင်းများတွင် ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူးများ ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်း၍ မဲရုံလုပ်ငန်းများပြင်ဆင်ခြင်းနှင့် မဲပေးရန် ဆန္ဒပြုခန်း ပြင်ဆင်ထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)